Tuesday, December 11, 2018

Broccoli သုပ်

ပေါ့ပေါ့ပါးပါး ချဉ်ချဉ်စပ်စပ်နဲ့ မထင်မှတ်ရလောက်အောင် စားကောင်းလှတဲ့ အသုပ်လေးပါ။ ထမင်းနဲ့ တွဲဖက်ပြီးစားလို့ ကောင်းသလို၊ အပျင်းပြေ သရေစာလေးအဖြစ်လည်း စားလို့ကောင်းလှပါတယ်။ Broccoli ကို ပြုတ်ရာမှာ အကျက်လွန်ရင် ပျော့ပြီး စားလို့မကောင်း သလို၊ စိမ်းလွန်းပြန်ရင်လည်း မာပြီး အစိမ်းနံ့ နံလို့ စားမကောင်းပါ။ ဒါကြောင့် အောက်ဖေါ်ပြပါ နည်းလေးအတိုင်း သေသေချာချာပြုတ်ပေးစေချင်ပါတယ်ရှင် …..

Broccoli သုပ် အတွက် လိုအပ်တာလေးတွေ…


Broccoli – တစ်ပွင့် (320 g ခန့်)

ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1/2 cup (125 ml) ခန့်

၂ လက်မအရှည်ခန့် ခပ်ပါးပါးအချောင်းလေးများ လှီးထားသော မုန်လာဥနီ – 1/2 cup (125 ml) ခန့်(လှီးပြီးနောက် ၅ မိနစ်ခန့် ရေစိမ်ထားပါ။)

အစေ့ထုတ်ကာ ပါးပါးလှီးထားသော ခရမ်းချဉ်သီး – 3/4 cup (180 ml) ခန့်

ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနံ (mint) – 1/3 cup (80 ml) ခန့်

ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၂ ဇွန်းခန့် (စပ်ရင် ပိုစားလို့ကောင်းပါတယ်)

Chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငါးငံပြာရည် – ထမင်းစားဇွန်း ၄ ဇွန်း

သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်းခွဲ

နှမ်းဖြူလှော်ထောင်း – ထမင်းစားဇွန်း ၂ ဇွန်းခွဲ


Broccoli ကို လက်မအရွယ်ခန့် လှီးထားပါ၊ အောက်ခြေအရိုးကို အခွံခွါလှီးထားပါ။ (ပြုတ်သောအခါ အကျက်ညီစေရန် တတ်နိုင်သမျှ အရွယ်ညီအောင် လှီးပေးပါ။)

ပွက်ပွက်ဆူနေသော ရေနွေးထဲ လှီးပြီးသည့် Broccoli များထည့်ကာ အိုးအဖုံး ဖုံးပြီး high heat ဖြင့် ၁ မိနစ်ခန့် (ရေနွေးများပြန်ဆူလာသည်အထိ) ပြုတ်ပါ။


DSC00695


ရေနွေးများပြန်ဆူလာသည်နှင့် အထက်အောက်လှန်ကာ ၃၊၄ ချက်မွှေပြီး ….. ချက်ချင်းရေပူများသွန်ကာ လုံးဝအေးသွားအောင် ရေအေးထဲစိမ်ပေးပါ။


DSC00697


အေးသွားလျှင် ဇကာထဲထည့်ပြီး ရေကုန်အောင် စစ်ထားပါ။

ရေစစ်ပြီးနောက် ပါဝင်ပစ္စည်းအားလုံးကို ဇလုံထဲထည့်ကာ ဖွဖွလေးရောနယ်သုပ်လိုက်လျှင် ချဉ်ချဉ်စပ်စပ်အရသာနှင့် ကြွပ်ကြွပ်လေး စားကောင်းလှသော Broccoli သုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။


Credit :Chaw Su's Food Friends

No comments:

Post a Comment